ကြံသီးနှံသည် စီးပွားဖြစ်စိုက်ပျိုးသည့် အရေးကြီး စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ကြောင်း ဒုတိယသမ္မတ ပြောကြား ကြံသီးနှံမှာဖွံ့ဖြိုးဆဲနဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာစီးပွားဖြစ်စိုက်ပျိုးတဲ့အရေးကြီး စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၁၁ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ကြံသကြား ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ (Sugar Forum-2019) ဖွင့်ပွဲ အခမ်းအနားကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်အမှာစကားပြောကြားစဉ် အခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ကြံသီးနှံအပြင် မုန်လာဥနီ၊ ပလောပီနံစတဲ့ ကုန်ကြမ်းသီးနှံများစွာမှ သကြားထုတ်လုပ်နိုင်သော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအများအပြားမှာ ကြံသီးနှံကိုသာ သကြားထုတ်လုပ်ရေးရဲ့ ဦးစားပေး ကုန်ကြမ်းသီးနှံ တစ်ခုအဖြစ် စိုက်ပျိုးကြပြီး ပြည်တွင်း စားသုံးမှု အတွက်သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချရန်အတွက်ပါ ကြံသကြားထုတ်လုပ်နေကြတာ ဖြစ်တယ်လို့သိရပါတယ်။ မြန်မာ့သကြားစက်မှုလုပ်ငန်းသည် ပြည်တွင်းစားသုံးမှု၊ သကြားကုန်ကြမ်း အခြေခံ စားသောက်ကုန်လုပ်ငန်း တွေနဲ့သကြားပို့ကုန်တို့အတွက် အရေးပါတဲ့စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်း တစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒါ့ပြင် ကြံသီးနှံမှာ ဘက်စုံသုံးစက်မှုကုန်ကြမ်း သီးနှံဖြစ်ပြီး အဓိကထွက်ကုန်သကြားအပြင် ဘေးထွက်ပစ္စည်း တွေဖြစ်တဲ့ တင်လဲရည်၊ ကြံမြှုပ်ချေး၊ ကြံကြိတ်ဖတ်နှင့်ကြံစိုက်ကွင်းထဲမှ ခုတ်သိမ်းပြီးကြံသီးနှံအကြွင်း အ ကျန်တွေ ကိုလည်း အရက်၊ ဇီဝလောင်စာဆီ၊ သဘာဝမြေသြဇာ၊ စက္ကူ၊ ဘုတ်ပြား၊ အသုံးအဆောင် ပစ္စည်း၊ အဆောက်အဦ ပစ္စည်းတွေ တို့ကို ထုတ်လုပ်သုံးစွဲနိုင်တဲ့အတွက် စနစ်တကျ စီမံဆောင်ရွက်နိုင်ပါက နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးမှာ အရေး ကြီးတဲ့ အထောက်အပံ့ဖြစ်လာမယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုပါတယ်။
လိပ်စာ:
အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၁)၊ အမှတ်(၅) လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ်:
09767122295, 09765488601, 09765488610
© New Holland Myanmar | Designed by eTrade Myanmar